Strict Standards: Only variables should be assigned by reference in /home/yoolay/public_html/templates/ja_teline_v/html/com_content/article/default.php on line 27

MH370 ရှာဖွေရေး ရေယာဉ်တစ်စီးသည် ရေအောက်၌ ၁၉ရာစုနှစ် သင်္ဘောပျက်တစ်စီးအား ရှာဖွေတွေ့ရှိ

၁၉ရာစုနှစ် သင်္ဘောပျက်၏ အသံလှိုင်း ပုံရိပ်အားတွေ့ရစဉ် Australia / Oceania

ကန်ဘာရာ၊ ဇန်နဝါရီလ ၁၄ရက်(ဆင်ဟွာ)

ပျောက်ဆုံးနေသည့် မလေးရှားလေကြောင်းမှ MH370 လေယာဉ်အား သြစတြေးလျ အနောက်ဖက် ကမ်းရိုးတန်း အလွန်တွင် ရှာဖွေရေး လုပ်ငန်းများဆောင်ရွက်နေသည့် ရေယာဉ်များထဲ မှ တစ်စီးသည် ၁၉ရာစုနှစ်လောက်ကဟု ယူဆရသည့် သင်္ဘောပျက် တစ်စီးကို တွေ့ရှိခဲ့ကြောင်း MH370 ရှာဖွေရေးမှ ပူးတွဲ ညှိနှိုင်းလုပ်ဆောင်ရေး အေဂျင်စီ စင်တာ (JACC) က ဇန်နဝါရီလ ၁၃ရက်နေ့တွင် ပြောကြားခဲ့သည်။

၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က ရေအောက်ရှာဖွေမှု လုပ်ငန်း လုပ်ဆောင်နေစဉ်အတွင်း ပုံမှန်မဟုတ်သည့် အသံလှိုင်း အာရုံခံ အချက်ပေးမှု ရရှိခဲ့ပြီး အစောပိုင်း ၌ အဆိုပါအရာဝတ္တုသည် လူလုပ်ပစ္စည်း တစ်ခုဖြစ်ကာ သင်္ဘောပျက်တစ်စင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့ကြောင်း JACC ကဆိုသည်။

Havila Harmony အမည်ရှိ ရှာဖွေရေး ရေယာဉ် သည် အလိုအလျောက် ရေအောက်သွားလာရေး ယာဉ် (AUV) ကို အသုံးပြု၍ အဆိုပါ အရာဝတ္တု အား ဆန်းစစ်နေစဉ် ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၂ရက်နေ့တွင် ကြည်လင် ပြတ်သားသည့် အသံလှိုင်း ပုံရိပ်ကို ဖမ်းယူရရှိခဲ့ပြီး သင်္ဘောပျက်တစ်ခုဖြစ်သည်ဟု အတည်ပြုခဲ့ကြောင်း သိရသည်။

သြစတြေးလျ အနောက်ပိုင်း ပြတိုက်၏ သင်္ဘောပျက်ပြခန်း သို့ ကနဦး အသံလှိုင်းပုံရိပ်အချို့ ပေးပို့ခဲ့ပြီး ၄င်းက အဆိုပါ သင်္ဘောသည် သံမဏိ (သို့) သံ ဖြင့် ပြုလုပ်ထားဟန်ရှိပြီး ၁၉ရာစုလောက်က ဖြစ်နိုင်သည်ဟု သုံးသပ် ပြောကြားခဲ့သည်။

၂၀၁၅ခုနှစ် ဧပြီလ တွင် ချမှတ်ခဲ့သည့် သြစတြေးလျနိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် တရုတ်နိုင်ငံ တို့၏ သဘောတူညီချက်အရ ရေအောက် ကြမ်းပြင် ဧရိယာ ၁၂၀,၀၀၀ စတုရန်းမီတာ အားနှံ့နှံ့စပ်စပ် ရှာဖွေသွားမည်ဖြစ်ပြီး ယခုအထိ ၈၀,၀၀၀ စတုရန်းမီတာ ရှာဖွေပြီးကြောင်း သိရသည်။ ရှာဖွေမှု လုပ်ငန်းစဉ်သည် ၂၀၁၆ခုနှစ် အလယ်လောက်တွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်းကြသည်။

MH370 လေယာဉ်၏ တည်နေရာကို အတည်ပြုနိုင်သည့် သတင်းအချက်အလက်သစ်များ ရရှိခြင်းမရှိပါက ရှာဖွေရေးလုပ်ငန်းအား ထပ်မံချဲ့ထွင် မလုပ်ဆောင်တော့ရန် အဆိုပါနိုင်ငံများ၏ အစိုးရများ က သဘောတူထားကြောင်း JACC ကပြောသည်။ (Xinhua)